မိုင် မြစ်ကြီးနား
နိုဝင်ဘာ ၁၄၊ ၂၀၀၈
အားရစရာကောင်းလိုက်တာ၊ ဘာနဲ့မှ နှိုင်းမရပါဘူး။ စာပေ အနုပညာလောကမှာ နာမည်ကျော် လူသိများတဲ့ ဆရာကြီး ဆရာမကြီး ငါးဦးတို့နဲ့ မျက်နှာချင်းဆိုင် သူတို့ပြောတာတွေနားထောင် သူတို့ပေးတဲ့ အတွေးအခေါ်တွေကို မှတ်ယူခဲ့ရတာဟာ သိပ်ကို တန်ဖိုးရှိတဲ့ နေ့တနေ့ ဖြစ်ခဲ့ပါတယ်။
ဆရာ မောင်စွမ်းရည်၊ ဒါရိုက်တာ ၀င်းဖေ၊ တေးသံရှင် မာမာအေး၊ မြို့ခံ စာရေးဆရာ ဥာဏ်ဦးမောင် နဲ့ ကဗျာဆရာ အောင်ဝေး တို့နဲ့အတူ ပရိသတ် ၃၀ လောက်ရှိတဲ့ မိုးမခ ၅ နှစ်မြောက် မိတ်ဆုံပွဲကို စာပေပိုးပါတဲ့ ကျနော်လည်း ရောက်ခဲ့ပါတယ်။ အဲဒီပွဲလေးကိုတော့ နိုဝင်ဘာ ၉ ရက်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာက ဖရီးမောင့်မြို့(Fremont) မှာ ကျင်းပခဲ့ပါတယ်။
ပိုပြီး ၀မ်းသာစရာကောင်းတာက အွန်လိုင်းမှာပဲ တွေ့ဖူးတဲ့ ဘလော့ဂါမိတ်ဆွေတချို့နဲ့ ဆုံတွေ့ရင်းနှီးခွင့် ရခဲ့ခြင်းပါ။ သူတို့ကတော့ မိုးချိုသင်း၊ ဟေမန်သဇင်၊ ဇာနည်ဝင်း၊ ဒီဇင်မိုး၊ ဆမ်းမားဖီး(summer field) တို့ ဖြစ်ပါတယ်။ မိတ်ဆုံပွဲမှာ ပရိသတ် တယောက်ချင်း မိတ်ဆက်တဲ့ အစီအစဉ်နဲ့စလိုက်တော့ ကျန်တဲ့သူတွေကိုလည်း သိခွင့်ရခဲ့ပါတယ်။
ပြောကြဆွေးနွေးကြတဲ့ အကြောင်းအရာတွေကတော့ စုံနေတာပါပဲ၊ စာပေအနုပညာ အကြောင်းကအစ တိုင်းပြည်အရေးအလယ် ကလေးပြုစုပျိုးထောင်ရေးအဆုံး ဗဟုသုတ ရစရာတွေ အပြည့်နဲ့ပါ။ အဲဒီအထဲမှာ မြန်မာတွေ ဘာကြောင့် မညီညွတ်ကြတာလဲ၊ ညီညွတ်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးအကြံပြုချက်တွေက စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။
ဒါရိုက်တာ ၀င်းဖေကတော့ မြန်မာတွေ ညီညွတ်ကြဖို့ ကာယကံ၊ ၀စီကံ၊ မနောကံ သုံးခုကို အခြေခံပြီး အလုပ်ဝိုင်းလုပ်ကြဖို့ တိုက်တွန်းပါတယ်။ BADA မှ ကိုညွန့်သန်းက မညီညွတ်ကြတာတွေဟာ မြန်မာလူမျိုးထဲမှာသာမဟုတ် အမေရိကန်လူမျိုးများမှာလည်း ရှိကြောင်း ကိုယ့်ကိုယ်ကို အားမငယ်ဖို့နှင့် အလုပ်ကိုသာ ပိုမိုကြိုးပမ်း လုပ်ဆောင်ရမယ်လို့ သူ့အတွေ့အကြုံအရ ပြောပါတယ်။ ဆရာ မောင်စွမ်းရည်ကတော့ မညီညွတ်တာဟာ မြန်မာလူမျိုးထဲမှာ ပိုများတယ် အဲဒီလိုဖြစ်ရခြင်းဟာ စံနစ်ဆိုးရဲ့ဒဏ်ကြောင့် ဖြစ်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။
မြန်မာတွေအများကြီးရှိတဲ့ ဖို့ဝန်း(Fort Wayne)မှာနေတဲ့ ဒေါ်မာမာအေးကလည်း မြန်မာတွေ အချင်းချင်း ကွဲကြပြဲကြတယ်လို့ ကြုံတိုင်း မကြာခဏ ပြောပါတယ်တဲ့၊ အဲဒီလို ပြောရတာဟာလည်း မြန်မာတွေကွဲကြတယ်လို့ ခဏခဏကြားရင် ရှက်စိတ်လေးပေါ်လာပြီး စည်းလုံးလာမယ်ထင်ပြီး ပြောရတာပါလို့ သူမရဲ့ စေတနာကို ရှင်းပြသွားပါတယ်။
ဆက်လက်ပြီး ဥာဏ်ဦးမောင်က မညီညွတ်မှုရဲ့ အကြောင်းတရားဟာ လူတယောက်က အသင်းအဖွဲ့တခုအတွက် သူ့ရဲ့ပါဝင်လုပ်ဆောင်မှုကို သူကိုယ်တိုင် ဂုဏ်ယူနိုင်ခြင်း မရှိလို့ပါတဲ့။ ဒါကြောင့် အသင်းအဖွဲ့ တခုအတွက် လူတယောက်ရဲ့ ပါဝင်မှုကို သူကိုယ်တိုင်က ဂုဏ်ယူနိုင်အောင် ပြုလုပ်ပေးဖို့ အရေးကြီးတယ်လို့ ဆုံးမသွားပါတယ်။
ဆရာ အောင်ဝေး ကတော့ အလုပ်လုပ်ရာမှာ ရည်ရွယ်ချက်တူရင် မတူညီမှုတွေကို လက်ခံနိုင်စွမ်းရှိရမယ်၊ မတူညီမှုတွေနဲ့လည်း ရည်ရွယ်ချက်တူရင် အလုပ်အတူ လုပ်နိုင်ရမယ်တဲ့။ အရေးအကြီးဆုံး အချက်တခုဟာ ဝေဖန်ရေး ရှိရမယ်တဲ့၊ ပွင့်လင်းစွာ ဝေဖန်နိုင်ရမယ်၊ ဝေဖန်မှုကို လက်ခံနိုင်စွမ်းရှိရမယ်တဲ့၊ အဲဒီအခါ ညီညွတ်မှုကို ရနိုင်မယ်လို့ သူ့ရဲ့ အတွေးအခေါ်ကို ပေးသွားတယ်။ ဆရာစွမ်းရည်က အမေရိကန်နိုင်ငံရဲ့ united in diversity ကို ဥပမာ ပေးသွားပါသေးတယ်။
မိုးမခရဲ့ co-founder မောင်ရစ် ကလည်း ယုံကြည်ချက်တွေ တူမယ်၊ ယုံကြည်ချက်တွေ ရင့်ကျက်လာတဲ့အခါမှာ ညီညွတ်မှုဟာ ရှိလာမယ်လို့ သူ့အယူအဆကို ဆွေးနွေးသွားပါတယ်။
ကိုမင်းဇင်ကလည်း တရုတ်လူမျိုးတွေရဲ့ အခြေခံ element ဟာ မိသားစု ဖြစ်ကြောင်း နဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးရဲ့ အခြေခံဟာ individual ဖြစ်ကြောင်း၊ ဒီအခြေခံတွေကြောင့် ညီညွတ်ရေးနဲ့ ပတ်သက်ပြီး တွေးစရာရှိကြောင်း ပြောလိုက်တယ်လို့ထင်ပါတယ်။ ဒီ အယူအဆအသစ်ကို ကျနော် သိပ်မလိုက်နိုင်ပါ၊ ကျနော့်အတွက် နဲနဲမြင့်သွားတယ်ဗျာ။ ကိုအောင်ဝေး က ကိုမင်းဇင်ကို အဲဒီ အိုင်ဒီယာအသစ်ကို ဆောင်းပါးရေးဖို့ တိုက်တွန်းပါတယ်။ ဆောင်းပါးထွက်လာရင်တော့ သေချာဖတ်ကြည့်ပါအုံးမယ်။
မိတ်ဆုံပွဲက မှတ်မိသလောက် နားလည်သလောက်ကိုသာ ရေးလိုက်တာပါ။ ကျနော် နားလည်တာတွေဟာ မှားရင်လည်း မှားနေမှာပါ။ နေ့လည် ၁၁ နာရီလောက်က စတင်တဲ့ မိုးမခ မိတ်ဆုံပွဲကို ညနေ ၃ နာရီမှာ အဆုံးသတ်လိုက်ပါတယ်။ ဒီမိတ်ဆုံပွဲလေးကတော့ ပျော်စရာလည်းကောင်း၊ အစားအသောက်ကလည်း ကောင်းမှကောင်း၊ ၀ါသနာတူတွေ လာစုကြတော့ အားလုံးလည်း ညီညွတ်ကြပါတယ်။
ကျနော့်အတွက် ၂ ပွဲဆက် ၂ ရက်ဆက်ပေါ့၊ မနေ့ညကတော့ စာပေဟောပြောပွဲ၊ ဒီနေ့က မိတ်ဆုံပွဲပေါ့။ ပွဲပြီးတာနဲ့ မိုးမခ အယ်ဒီတာ ကိုထိန်လင်း၊ ကိုဆမ်းမားဖီးတို့နဲ့ စတားဘတ် ကော်ဖီဆိုင်မှာထိုင်ရင်း မှတ်စရာ တွေးစရာတွေ ပြည့်လျှံနေတဲ့ ကျနော့် ဦးနှောက်လေးကို ခဏအနား ပေးလိုက်ပါတော့တယ်။